ဆီဆိုင် ဒီဇင်ဘာ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၁၁) နာရီ (၄၅) မိနစ်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စုတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုက်တီး-နောင်ဘို ကျေးရွာချင်းဆက် လမ်းအရှည် (4.102Km) အား (9.14m) အကျယ် လမ်းတာချဲ့ရန်နှင့် ဖြတ်မြေလုပ်ငန်း အပါအဝင် (5.48m) အကျယ်အား သဲဗြုန်း (100mm) ထုခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုက်တီး-နောင်ဘို ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ရှင်းလင်းဆောင်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်မှ လမ်းဖောက်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က သမဝါယမအသင်းများဖွဲ့စည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန်၊ ဒေသခံပြည်သူများ၏ အခက်အခဲလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အမှန်တကယ်လုပ်ငန်း လုပ်ကိုင်သူများအတွက် အကျိုးရှိအောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ဒေသခံပြည်သူများက ဒေသအခက်အခဲများကို အသီးသီးတင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများတောင်ဆိုသည့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)