တိုက်ကြီးမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

တိုက်ကြီး ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီခွဲက စျေးရပ်ကွက် ဇေယျာလမ်း၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ပြီး ကွန်ကရစ်လမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်၀င်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

အဆိုပါကွန်ကရစ်လမ်းသစ်သည် ယခင်က မြေသားလမ်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေ (ကျပ်သန်း ၅၈.၂၀) ဖြင့် လမ်းအရှည် (၉၆၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၉) လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဗောဓိကုန်းရပ်ကွက်၊ အင်္ဂလားရပ်ကွက်၊ အိုးတန်းရပ်ကွက်တို့ကို ဆက်သွယ်ထားသဖြင့် ပြည်သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)