ကျောက်တလုံးကြီးမြို့တွင် (၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ

ကျောက်တလုံးကြီး ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌ ဖလား (အလွတ်တန်း)နှင့် ကန်တော်ကြီးဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက နောင်ကားစံပြကျေးရွာ၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားများက အသင်းလိုက်ကွင်းအတွင်းသို့ ချီတက်နေရာယူ၍ နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံအား အလေးပြုကြပြီး ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် (PNFF)၊ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးခွန်ပီတာထွန်းနိုင် နှင့် ဒု-ဥက္ကဋ္ဌ ဦးခွန်ဝင်းတို့က အမှာစကားပြောကြားကြသည်။

(၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF)ဥက္ကဋ္ဌ ဖလားပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ အကြီးတန်း အဆင့်အသင်း (၁၀)သင်းနှင့် အငယ်တန်းအဆင့် (၆၉) သင်း တို့ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း