ထားဝယ် ဒီဇင်ဘာ ၁၆
နေပြည်တော်မှာ ကျင်းပပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန ဗဟိုအဆင့် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးသန့်ဇင်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများက ရင်းရင်းနှီးနှီး ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး လက်ရွေးစင် ကျောင်းသားအားကစားအဖွဲ့သည် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် အားကစားနည်း (၇) မျိုးအား ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြေးခုန်ပစ်ပြိုင်တွင် ရွှေတံဆိပ်ဆု(၇)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၄)ခုနှင့် အမျိုးသမီး(ဘော်လီဘော) ရွှေတံဆိပ်ဆု (ပထမဆု)ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ရွေးစင် ကျောင်းသားအားကစားအဖွဲ့နှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)