ကော့မှူး ဒီဇင်ဘာ ၁၆
ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက် အသိပညာဗဟုသုတတိုးပွားစေရန် ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်သောအချိန်များတွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ပေးနေကြောင်းနှင့် စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများအား ပြောကြားခဲ့သည်။
ထို့နောက် (Book Club) အဖွဲ့ဝင် ဒေါ်တင်သန်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် ပထမမင်္ဂလာစာအုပ်ထဲမှ “လူတိုင်းလူတိုင်းသည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်အာကာသက်ပိုင်က “ဆန္ဒကြီးရင်ကြံသမျှပြီးတယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မရတနာမိုးက “ဘာလိုနေကြတာလဲ” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဒေါ်တင်သန်းက ဦးဆောင်ဆွေးနွေးရာ ဘဝဟူသည်က အဆက်မပြတ်သင်ယူနေရသော ဖြစ်စဉ်တစ်ရပ်ပင်ဖြစ်ကြောင်း၊ မွေးကင်းစလူမှန်းသိစအရွယ်မှစကာ မိမိကဘာသာစကား မတတ်သေးခင်မှာပင် ငိုခြင်းအသံဖြင့် ဆက်သွယ်သင်ယူကြကြောင်း၊ ကျောင်းနေအရွယ်သို့ ရောက်သောအခါ ရွယ်တူကလေးငယ်များနှင့်အတူ ကျောင်းစာသင်ခန်းထဲဝင်ရောက်ရကြောင်း၊ လူသမိုင်းသည် မိခင်ဖခင်တို့၏ နေအိမ်မှသင်ကြားပြသခြင်းကြောင့် အကြီးအကျယ်ပြောင်းလဲတိုးတက်ခြင်းတော့ မဟုတ်ကြောင်း၊ ဆွေမတော်မျိုးမစပ်သော ဆရာ၊ဆရာမဆိုသော သူစိမ်းတစ်ရံထံမှ သင်ကြားပြသမှုများက သူတို့၏သားသမီးကဲ့သို့ ကြီးမားနွေးထွေးလှသော မေတ္တာတရားလွှမ်းခြုံလျက် သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာ၊ တွေးဆရာများကို သိမြင်နားလည်အောင် သင်ကြားပြသညွှန်ခဲ့ကြသဖြင့် လူပီသသော လူသားလေးများ ဖြစ်လာကြကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ ပြန်/ဆက်