ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် နေ့သစ်တိုင်းဟာ အောင်မြင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော နေ့သစ်တိုင်းဟာ အောင်မြင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ (Book Club) အဖွဲ့ဝင် ဦးတင်ထွန်းဦးက ဆွေးနွေးရာတွင် နေ့သစ်တိုင်းဟာ အောင်မြင်ခြင်းဟူသော ဆောင်းပါးတွင် အောင်မြင်မှု၏ အနှစ်သာရအစစ်အမှန်နှင့် အောင်မြင်မှုရရှိစေရန် လုပ်ဆောင်ရမည့်အချက်များ၊ လိုက်နာရမည့် စည်းကမ်းများကို စိတ်ဝင်းစားဖွယ် ရေးသားထားကြောင်း၊ Women Club ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အေးက ခွန်အားလေးပါး အကြောင်းဆွေးနွေးရာတွင် သိရရင် သိသမျှ အကျိုးရှိတယ်၊ ကျင့်သုံးရင် ကျင့်သုံးသလောက် ကောင်းကျိုးထိရောက်တယ်၊ ဆောင်ရန်ရှောင်ရန်တွေ သိရမည်ဆိုသည့် အကြောင်းအရာများ၊ ခွန်အားလေးပါဆိုသည်မှာ ပညာဗလအမြော်အမြင် ဆင်ခြင်တုံတရားရှိခြင်း၊ ဝီရိယဗလ ဇွဲလုံ့လနဲ့ အထူးကြိုးစားအားထုတ်မှု၊ အပြစ်ကင်းခြင်းခွန်အားနှင့် စည်းရုံးရေးစွမ်းရည်တို့ဖြစ်​ကြောင်း ဆွေးနွေးရာ တက်ရောက်လာသည့် စာပေချစ်သူများနှင့်ပြန်အလှန် ဆွေးနွေးရာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ထိုနောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှူခဲ့ကြကြောင်းသိရသည်။

ဆွေနွယ်(ပြန်/ဆက်)