ဘားအံ ဒီဇင်ဘာ ၁၆
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၅ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၂၂၅၀ ဦးခန့် အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် စုပေါင်းလူထုလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများသည် စုရပ်ဖြစ်သော ဝန်ကြီးများအိမ်ယာရှေ့မှ သီရိလမ်း၊ ကမော့ကစင်-ရွာသစ်လမ်း၊ ပဒုံမာလမ်း၊ ကြာအင်းမီးပွိုင့်လမ်းဆုံမှ အ.ထ.က(၄)ကျောင်းလမ်း၊ ထိုမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းပြန်လည်ဝင်ရောက် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ(၆)ပေအကွာအနေအထားဖြင့် အကြောလျော့ လေ့ကျင့်ခန်းများဆောင်ရွက်ကာ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့်စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း ပါဝင်ဆောင်ရွက်သူများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ကောက်ညှင်းပေါင်း၊ အကြော်စုံတို့ဖြင့် နံနက်စာတည်ခင်းဧည့်ခံခဲ့ကြပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းဆောင်ရွက်အပြီးတွင် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီး၍ အမျိုးသား သီရိကွင်းသုံးပတ်(မီတာ ၄၅၀၀)အပြေးပြိုင်ပွဲကို ကျင်းပခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အလားတူ Small goal သွင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကိုလည်း ကျင်းပပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)