မိုင်းယောင်း၌ အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်လှစ်နိုင်ရန် ညှိနှိုင်းစည်းဝေး

မိုင်းယောင်း ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်လှစ်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း၊ မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းနေလှိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများက မိုင်းယောင်းမြို့နယ်တွင် မြန်မာစာ၊ မြန်မာစကား၊ ဂဏန်းသင်္ချာတတ်မြောက်စေရေးသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း