ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ၊ အကြိမ်(၂၀)နှင့်အထက် သွေးလှူရှင်များအား ဂုဏ်ပြုပွဲနှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်ပြန် ပြည်သူများအတွက် အိမ်မွေးတိရစ္ဆာန်များ ထောက်ပံ့

မြစ်ကြီးနား ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအဖြစ် တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ သီတာရပ်ကွက် ပြည်နယ်ဘောလုံးကွင်းရှေ့စုရပ်မှ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/ သင်တန်းသူများ၊ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ပြည်နယ်ဘောလုံးကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်းမှ ဈေးကြီးလမ်း၊ နောင်နန်းမီးပွိုင့်လမ်းဆုံမှ တပင်ရွှေထီးလမ်း၊ ပြည်ထောင်စုလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ ရုံးကြီးလမ်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်နယ်ဘောလုံးကွင်းအတွင်းသို့ဝင်ရောက်ကာ ကိုယ်ကာယလေ့ကျင့်ခန်းအတွဲအမှတ်(၁)၊ (၂)လေ့ကျင့်ခန်းနှင့် Fitness Dance တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းလျှောက်ပွဲတက်ရောက်ဆင်နွှဲသူများအတွက် အိမ်အသုံးအဆောင်ပစ္စည်းများကို မဲဖောက်ပေးခဲ့ကြပြီး ဆုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလူထုအားကစားလအဖြစ် အားကစားကွင်းအတွင်း ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲအားကစားနည်းအလိုက် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်၊ ခေမာသီရိဘုန်းတော်ကြီးကျောင်း(တစ်ပါးကျောင်း)၌ သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် အကြိမ်(၂၀)နှင့်အထက် ပုံမှန်စေတနာ့သွေးလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)၏ အရေးကြီးလုပ်ငန်းရည်ရွယ်ချက်ဖြစ်သည့် မျိုးဆက်သစ်စေတနာ့သွေးလှူရှင် မြောက်များစွာပေါ် ထွန်းလာစေရေးအတွက် အကြိမ်(၂၀)နှင့်အထက် ပုံမှန်စေတနာသွေးလှူရှင်များအား ယခုလို ဂုဏ်ပြုပေးခြင်းအားဖြင့် အမှန်တကယ်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုပေးခြင်းဖြစ်ပါကြောင်း၊ သွေးလိုအပ်သော လူနာများအတွက် မိမိ၏သွေးများကို အမြဲလှူဒါန်းနိုင်ရေး ကြိုးစားဆောင်ရွက်ပေးနေကြသော ဂုဏ်ပြုခံသွေးလှူရှင်များနှင့် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)အား အထူးလေးစားဂုဏ်ပြုပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ ဖောင်းဒေးရှင်းဒုတိယဥက္ကဋ္ဌက ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖောင်းဒေးရှင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် အကြိမ်(၂၀)နှင့်အထက် ပုံမှန်စေတနာသွေးလှူရှင်များအား တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးစက်ရုံသို့သွားရောက်ပြီး စက်ရုံအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း သုံးဗလာစာအုပ်များ ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ပြည်နယ်ဥပဒေချုပ်ရုံး မိသားစုများ၏ ခရစ္စမတ်အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင်လည်း မြစ်ကြီးနားမြို့နယ်ပလနကျေးရွာအုပ်စု၊ အင်ကြင်းမြိုင်ကျေးရွာ ရွာခန်းမဆောင်၌ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နေရပ်စွန့်ခွာပြည်သူများအတွက် မျိုးကောင်းမျိုးသန့် အိမ်မွေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာလအတွင်းက ပလနကျေးရွာတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးဆိုင်ရာ တွေ့ဆုံပွဲတွင် ဒေသခံများ၏ တောင်းဆိုချက်အရ မွေးမြူရေးတိရစ္ဆာန်များကို ယနေ့ လာရောက်ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဒေသခံများတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးခြံများစိုက်ပျိုးသကဲ့သို့ မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း အသားနှင့်ဥစားသုံးမှု ပိုမိုဖူလုံစွာ စားသုံးလာနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းကို မိရိုးဖလာနည်းဖြစ်သော လွှတ်ကြောင်းစနစ်အစား စနစ်တကျခြံလှောင်၍ မွေးမြူပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်းကို အလေးထားမှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ ဌာနအစီအစဉ်ဖြင့် နှစ်စဉ်ထောက်ပံ့ပေးအပ်မှု အခြေအနေများ၊ ဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် နည်းပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အဆိုပါ ပလန-၂ နှင့် ပလန ၃ ကျေးရွာနှင့် ငွေပျော် စံပြကျေးရွာမှ တောင်သူ(၉၇)ဦးတို့အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာအခွင့်အလမ်းများဆောင်ရွက်နိုင်ရေး ငွေကျပ် ၁၂၂ သိန်းတန်ဖိုးရှိ ဒေသကြက်ကောင်ရေ(၄၀၀)၊ ဒေသဝက်ကောင်ရေ(၄၀)၊ ဒေသဆိတ်ကောင်ရေ(၁၇)ကောင်တို့နှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါထောက်ပံ့ပေးအပ်သည့် အိမ်မွေးတိရစ္ဆာန်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူများအတွက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယခင်နှစ်(၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်တွင်လည်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ နမ်ဆန်ယန်ကျေးရွာ၊ စင်ကြိုင်ကျေးရွာနှင့် ငွေပျော်စံပြကျေးရွာတို့မှ တောင်သူ(၂၇၄)ဦးတို့အတွက် ဒေသဝက်ကောင်ရေ (၄၀)၊ ဒေသဆိတ်ကောင်ရေ(၃၄)ကောင်နှင့် ဒေသကြက်ကောင်ရေ(၄၀၀)တို့အား ထောက်ပံ့ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်