ကျောက်တလုံးကြီး ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဥက္ကဋ္ဌဖလား(အလွတ်တန်း)နှင့် ကန်တော်ကြီးဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက နောင်ကားစံပြကျေးရွာ၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားများက အသင်းလိုက်ကွင်းအတွင်းသို့ ချီတက်နေရာယူ၍ နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံအား အလေးပြုကြပြီး ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF) ကျင်းပရေးကော်မတီဥက္ကဋ္ဌဦးခွန်ပီတာထွန်းနိုင်နှင့် ဒုဥက္ကဋ္ဌဦးခွန်ဝင်းတို့က အမှာစကားပြောကြားကြသည်။
(၂၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဥက္ကဋ္ဌဖလားပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိဒေသအသီးသီးမှ အကြီးတန်းအဆင့်အသင်း(၁၀)သင်းနှင့် အငယ်တန်းအဆင့်(၆၉)သင်းတို့ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း