ဥတ္တရသီရိ ဒီဇင်ဘာ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များသည် ဥတ္တရခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေနံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၊ အပြင် ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး ကျောင်းသား၊ ကျောင်သူများ စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်စေနိုင်ရန် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ဥတ္တရခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများ ကျောင်းဝန်းအတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ငန်းများ အပတ်စဥ်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြရာ နေပြည်ကောင်စီဥက္ကဋ္ဌက စာသင်ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်ရန်အတွက် အတတ်နိုင်ဆုံး သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်၊ သန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဥ်ဆောင်ရွက်ပေးပြီး ရေရှည်တွင်လည်း သန့်ရှင်းသပ်ရပ်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်းအင်အား ၁၃၅ ဦးဖြင့် ကျောင်းဝန်းအတွင်း၊ အပြင် ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအား အလင်းဖွင့်ခြင်း၊ သစ်ကိုင်းများ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကို မော်တော်ယာဉ်များဖြင့် သတ်မှတ်နေရာများအား စွန့်ပစ်ပေးခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဥ် စနေ့နေ့တိုင်း အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)