သာစည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကုက္ကိုစုကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကွင်းအမှတ်(၁၈၇၃)ဦးပိုင်အမှတ် (၁၇/ခ)တောင်သူဦဆန်းထူး၏ မိုးစပါး(မနောသုခ)၁.၀၀ ဧက စံကွက်တွင်ပြုလုပ်ရာ တစ်ဧကစပါး ၉၅ တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းရာသို့ မိတ္ထီလာခရိုင်စံကွက်ရိတ်သိမ်းရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ မြို့နယ်စံကွက်ရိတ်သိမ်းရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးကြပြီး တောင်သူများနှင့်ဆက်လက်တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ခရိုင်စံကွက် ရိတ်သိမ်းရေးအဖွဲ့ဥက္ကဋ္ဌက တောင်သူများအကျိုးအတွက် နိုင်ငံတော်မှပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများကလည်း အကျိုးဖြစ်ထွန်းရန်စိတ်ဝင်စားစွာဖြင့် ထိရောက်စွာဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသနှင့်ကိုက်ညီသည့်မျိုးကောင်းမျိုးသန့်များအသုံးပြုစိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး သက်ဆိုင်ရာဌာနများနှင့်ဆက်သွယ်ပြီး နည်းပညာအကူအညီများရယူကာ ဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်းကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းစသည်ဖြင့် စိုက်ပျိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။ ဆက်လက်ပြီး ခရိုင်စံကွက်ရိတ်သိမ်းရေးအဖွဲ့ဝင်များက မိမိတို့ဌာနဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တောင်သူများက စိုက်ပျိုးမှုအခြေအနေများကို တင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ကုက္ကိုစုကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် ဧက(၁၀၀) စိုက်ပျိုးထားကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်