မြစ်သား ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းထွေး ဦးဆောင်သော ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံနှင့် သီးနှံအလိုက်တာဝန်ခံများမှ ယမန်နေ့နံနက်မှစ၍ မြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများအား ဌာနတွင်းပညာပေးလုပ်ငန်း (TOT)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာပေးဆွေးနွေးပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းထွေးမှ အယ်လ်နီညိုရာသီဥတုကြောင့် သီးနှံများထိခိုက်ပျက်စီးမှုမရှိစေရေး၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မိုးမိုးစိုးမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးစိုးမင်းနိုင်မှ မျိုးစေ့အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ရီရီဌေးမှ စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သော ဖျက်ပိုးများ၏ အလေ့အထနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ခရိုင်သီးနှံအလိုက် တာဝန်ခံများမှ သီးနှံအထွက်တိုးနည်းပညာများကို အသီးသီးပညာပေးဆွေးနွေးခဲ့ကြသည်။
ပညာပေးဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းမှ ယခုလိုပညာပေးဆွေးနွေးပွဲဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး၊ စိုက်ပျိုးသီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်လာစေမည်ဖြစ်ကြောင်း ဆွေးနွေးပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်း(၇)ဦး၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း(၂၅)ဦး စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)