ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တောင်ကြီးပညာရေး ဒီဂရီကောလိပ် (အားကစားပြိုင်ပွဲ ဗဟိုအဆင့်) အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

တောင်ကြီး ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ် (အားကစားပြိုင်ပွဲ ဗဟိုအဆင့်) အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ပြုလုပ် ခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ တောင်ကြီးနှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သင်တန်းသား၊ သင်တန်းသူလေးများက ငြိမ်းချမ်းရေးပန်းခင်းသီချင်းဖြင့် ကပြတင်ဆက်ကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏ အခြေခံပညာရေးအတွက် အရည်အသွေးရှိသော ဆရာများကိုလေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး ဆရာအတတ်ပညာ သင်တန်းများ စဥ်ဆက်မပြတ် ဖွင့်လှစ်လေ့ကျင့်ပေးနေကြောင်း၊ အခြေခံပညာဆရာ လိုအပ်ချက်အရ (၄)နှစ်သင် ပုံမှန်သင်တန်းများနှင့်အတူ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း၊ (PPTT- 10/2023) ကို (၂)လ သင်တန်းအဖြစ် တွဲဖက်ဖွင့်လှစ်ပြီး ဆရာအတတ်ပညာလက်မှတ်များကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်အနေနှင့် ဦးစီးဌာန ဇုန်အဆင့် အားကစားပြိုင်ပွဲများတွင် ဘောလီဘော၊ ပိုက်ကျော်ခြင်း အားကစားနည်းများတွင် ဆုများရရှိခဲ့ကြပြီး ဗဟိုအဆင့်ပြိုင်ပွဲများတွင် ဆက်လက်ယှဥ္ပြိုင်သွားမည်ကို သိရှိရပါကြောင်း၊ အတော်ဆုံးဆရာဆိုတာ တပည့်တို့၏နှလုံးသားကို ပညာများနှင့်မွတ်သိပ်လာအောင် လုပ်ဆောင်ပေးသူများဖြစ်၍ ပညာရေးဒီဂရီကောလိပ်များရှိ ဆရာများအနေနှင့် ဘက်စုံထူးချွန်သည့် မျိုးဆက်သစ်များကို သင်တန်းအလေ့အကျင့်မှ လုပ်ငန်းခွင်အရည်အချင်း ကောင်းမွန်စွာရရှိရေးကို ဦးတည်လေ့ကျင့်ပေးကြရန် အထူးမှာကြား တိုက်တွန်းလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း မိမိတို့ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ သင်ယူမှတ်သားကြရန် အထူးတိုက်တွန်းလိုပြီး နိုင်ငံတော်အတွက် အားကိုးရသော ဘက်စုံထူးချွန်သော ဝန်းထမ်းကောင်း ဆရာ၊ ဆရာမများ ဖြစ်ကြပါစေလို့ ဆန္ဒပြုပါကြောင်း ထည့်သွင်းပြောကြားသွားသည်။

ထို့နောက် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက အခမ်းအနားနှင့်ပက်သတ်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားအောင်နိုင်ရေးအလံနှင့် တောင်ကြီးနှင့်လွိုင်ကော်ပညာရေးဒီဂရီကောလိပ်များအတွက် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်ပြီး တောင်ကြီးပညာရေးဒီဂရီကျောင်းအုပ်ကြီးက အားကစားပညာရှင်များအား ဂုတ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ပညာရေးဒီဂရီ (၄) နှစ်သင်တန်းတွင် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသားဦးရေ (၇၉၂)ဦး၊ လွိုင်ကော်ပညာရေး ဒီဂရီ ကောလိပ်မှ ကျောင်းသားဦးရေ (၂၈၅) ဦးနှင့် (PPTT _ 10/23) သင်တန်းတွင် တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ (၁၀၇) ဦး၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ (၂၁)ဦး တက်ရောက်လျက် ရှိကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ