ကျောက်ဆည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ပညာရုံးတွင် ယမန်နေ့နံနက် (၉)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ တီထွင်ကြံဆဆောင်ရွက်နိုင်ရေး သင်ထောက်ကူပြိုင်ပွဲနှင့်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ ကျောင်းအလိုက်စုပေါင်း၍ မိမိတို့ပါဝင်ယှဉ်ပြိုင်လိုသည့် အတန်းစဉ်ဘာသာရပ်များအလိုက် ပါဝင်ယှည်ပြိုင်ခဲ့ကြောင်းနှင့် သင်ထောက်ကူပြပွဲ/ပြိုင်ပွဲကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများနှင့် လာရောက်ကြည့်ရှုလေ့လာသူများအနေဖြင့် ရေသံသရာလည်ခြင်းအကြောင်း၊ ရေသည်အပူချိန်ကိုလိုက်၍ အခြေအနေအမျိုးမျိုး ပြောင်းလဲ့ပြီး ရွေ့လျားခြင်းအကြောင်း၊ လူတိုင်း၊ သတ္တဝါတိုင်း စွမ်းရည်ကိုယ်စီရှိကြပြီး ပူးပေါင်းဆောင်ရွက်ပါက ပိုမိုအောင်မြင်ကြောင်း၊ အကြားအမြင်၊ အပြောအဆို၊ အထိအတွေ့အာရုံများကို အသုံးပြုနိုင်မှ အောင်မြင်ကြောင်း၊ စာပေသင်ကြားရာတွင် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ အကြောင်းအရာများကို ရှင်းလင်းလွယ်ကူစွာ နားလည်ခြင်း၊ သင်ယူမှုနှေးကွေးသူများအတွက် အလွယ်တကူနားလည်ခြင်း၊ အာရုံ(၅)ပါးနှင့်ကြားမြင်ထိတွေ့သင်ယူခြင်းဖြင့် ကျယ်ပြန့်သော ဗဟုသုတများရရှိခြင်း၊ တွင်းထွက်ပစ္စည်းများအကြောင်း သိရှိခြင်း၊ ပတ်ဝန်းကျင်ရှိ အရာများကို စနစ်တကျ လေ့လာတတ်စေခြင်း၊ အိမ်နီးခြင်းနိုင်ငံများ၏ တည်နေရာ၊ အကျယ်အဝန်း၊ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်အကြောင်းများ သိရှိစေခြင်း စသည့်အကြောင်းအရာများကို လွယ်ကူလျင်မြန်စွာ သဘောပေါက်နားလည်ခြင်း အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)