မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁)ရပ်ကွက်တွင်  ဆန်၊ စားအုန်းဆီ၊ အသား၊ ငါး စားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

မြစ်သား ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ပူးပေါင်းအစီစဉ်ဖြင့် ဆန်၊ စားအုန်းဆီ၊ အသား၊ ငါး စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို မြစ်သားမြို့နယ် ကူမဲမြို့ တောက်ပရစ်ဇာတ်ရုံဝန်းတွင်၌ ယမန်နေ့ နံနက်(၇)နာရီမှ  စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကူမဲမြို့ ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ရာ သတ်မှတ်ထားသော စျေးနှုန်းများဖြင့်သာ ရောင်းချရန်ဆန်တစ်ပြည်လျှင် (၂၈၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿလျှင် (၅၃၅၅)ကျပ်၊ အမဲသားတစ်ပိဿလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿလျှင် (၁၂၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿလျှင် (၉၀၀၀)ကျပ်၊ ငါးကြင်း(မျက်ဆံနီ)တစ်ပိဿလျှင် (၄၀၀၀)ကျပ် ၊ကြက်ဥတစ်လုံးလျှင် (၂၀၀)ကျပ်နှုန်း စုစုပေါင်း(၈)မျိုးတို့ကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချရာနေရာသို့ ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ စျေးဝယ်သူများမှစည်းကမ်းနှင့်တန်းစီးဝယ်ယူရန်၊ စျေးနှုန်းမှန်ကန်စွာ ရောင်းပေးနိုင်ရေးတို့ကို စစ်ဆေးကြပ်မတ်ပေးပြီး သက်သာသောစျေးနှုန်းဖြင့် ကူမဲမြို့ပေါ်ရှိ (၅)ရပ်ကွက်နှင့် နီးစပ်သည့်ကျေးရွာများမှ ဒေသခံပြည်သူများကလည်း လာရောက်ဝယ်ယူခဲ့ကြောင်း ကူမဲမြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)