တပ်ကုန်း ဒီဇင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်ဆိုင်များ ရောင်းချနေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့သည်။
အဆိုပါ စက်သုံးဆီရောင်းချမှုကို တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရဦး၊ မြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဇေယျာအောင်၊ မြို့နယ်သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စုရုံးမှ ရဲတပ်ကြပ်ကြီးအောင်နေထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကြီးကြပ်ရေးမှူးဦးဇော်မင်းနိုင် ပူးပေါင်းအဖွဲ့ဝင်များ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ ကျားသေအိုင်ကျေးရွာအနီး၊ Regency စက်သုံးဆီအရောင်းဆိုင်နှင့် သူဌေးကုန်းကျေးရွာအနီး၊ Farmer စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများ သိုလှောင်ထားပြီး၊ ရောင်းချမှု ရှိ/မရှိနှင့်ပတ်သက်၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ Regency စက်သုံးဆီအရောင်းဆိုင်တွင် ဂါလံ ၈၀၀၀ ဝင်ဆံ့သည့် မြေအောက်သိုလှောင်ကန်များဖြင့် လက်ကျန် 92 ဓါတ်ဆီ ၅၈၅ ဂါလံ၊ ဒီဇယ် ၇၇၀ ဂါလံနှင့် ပရီမီယမ် ၆၀၀ ဂါလံ၊ Farmer စက်သုံးဆီအရောင်းဆိုင်တွင် ဂါလံ ၈၀၀၀ ဝင်ဆံ့သည့် မြေအောက်သိုလှောင်ကန်များဖြင့် လက်ကျန် 92 ဓါတ်ဆီ ၃၀၈၀ ဂါလံ၊ 95 ဓါတ်ဆီ ၃၀၂၀ ဂါလံ၊ ဒီဇယ် ၂၈၅၀ ဂါလံနှင့် ပရီမီယမ် ၁၄၄၀ ဂါလံတို့ဖြင့် ရောင်းချနေကြောင်း သိရပြီး၊ ပူးပေါင်းအဖွဲ့က စက်သုံးဆီများအသုံးပြုမည့် ပြည်သူများ လက်ဝယ်ဖြန့်ဖြူးရောင်းချပေးရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်