လားရှိုးမြို့ နံနက်ခင်းများတွင် နှင်းများ ကျနေပြီဖြစ်ပြီး လမ်းလျှောက်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်သူများလာ

လားရှိုး ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဒီဇင်ဘာလ ဆောင်းနံနက်ခင်းများ၌ နှင်းဖွဲများ ကျဆင်းနေပြီဖြစ်ပြီး ဒေသခံများအနေဖြင့် နံနက်ခင်းများတွင် အားကစားပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း ၊ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်းများ ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။

လားရှိုးမြို့ရှိ ဒေသခံများအနေဖြင့် သာသနာ ၂၅၀၀ တောင် ၊ လေယာဉ်ကွင်းပတ်လမ်း ၊ ရေကန် တောင်တို့တွင် ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် လမ်းလျှောက်ခြင်းများ အများဆုံး ပြုလုပ်လေ့ရှိကြကြောင်း သိရသည်။

“ ဆောင်းတွင်းကာလ ဆောင်းနံနက်ခင်းတွေမှာဆိုရင် ကျွန်တော်တို့မိသားစု စောစောထပြီး လမ်းလျှောက်လေ့ရှိတယ်။ အများဆုံးကတော့ ရေကန်တောင်က ရေကန်နံဘေးလမ်းလျှောက်ကြတာများတာပေါ့။ “ ဟု ဒေသခံတစ်ဦး ကပြောသည်။

လားရှိုးမြို့တွင် ဆောင်းတွင်းကာလများတွင် ရေပူစမ်းအပန်းဖြေစခန်း၌လည်း ရေပူစိမ်ခြင်း၊ ရေပူချိုးခြင်းများဖြင့်လည်း အပန်းဖြေနိုင်သေးကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး )