လားရှိုး ဒီဇင်ဘာ ၁၆
လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်းများ စနစ်တကျ ဖြစ်စေရေးနှင့် ထောက်ပံ့မှုများ စနစ်တကျ ရှိစေရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အစည်းအဝေးသို့ လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခမ်းလင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်နှင့် NGO,INGO အဖွဲ့အစည်းများ၊ လှုမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်း ၁၇ နေရာမှ ယာယီနေရပ်စွန့်ခွာသူများကို နေရာ(၄)နေရာတွင်သာစုစည်းကာ ထားရှိတော့မည်ဖြစ်ပြီး ထောက်ပံ့လှူဒါန်းမှုများပြုလုပ်လိုသူများ အနေဖြင့် သတ်မှတ်ယာယီ နေရပ်စွန့်ခွာစခန်း (၄) နေရာတွင် လှူဒါန်းထောက်ပံ့နိုင်ရေး ညှိုနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူများကို သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ဗောဓါရုံ ကျောင်းတိုက်၊ တပ်ဦးကျောင်းတိုက်၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူ ကျောင်းတိုက်၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း စသည့် နေရာများတွင် ရောက်ရှိခိုလှုံနေကြပြီး ယခုအခါတွင် မန်ဆူရှမ်းကျောင်း၊ ကန်မိန်းကျောင်းတိုက်၊ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၊ ကက်သလစ်ဘုရားကျောင်းတို့တွင်သာ ထားရှိတော့မည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)