လားရှိုး ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် ညဈေးရောင်းချသူများအနေဖြင့် မွန်းလွဲ ၂ နာရီမှ ၅ နာရီကျော်ထိ ဈေးရောင်းချကြကြောင်း သိရသည်။
ယခင်က ညဈေးကို ညနေ ၄ နာရီခန့်အချိန်မှသာ ဈေးစတင်ရောင်းချကြသော်လည်း ယခုအခါ ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် အချိန်စော၍ ဈေးရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။
“ အရင်တုန်းကတော့ ညဈေးကို လေးနာရီကျော် ငါးနာရီလောက်မှ ဖွင့်ကြတာပေါ့။ အခုက လားရှိုးမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားတော့ နှစ်နာရီကျော် သုံးနာရီလောက်ကတည်းက ဖွင့်ကြတာ။ အရင်လိုတော့ ဈေးရောင်းချိန်သိပ်မရှိတော့ဘူးပေါ့။ ဈေးလည်တဲ့သူလည်း အရင်ကလောက်တော့ မများတော့ဘူး။” ဟု ညဈေးရောင်းချသူတစ်ဦးကပြောသည်။
လားရှိုးမြို့ ညဈေးတွင် တရုတ်နိုင်ငံထုတ်အဝတ်အထည်များ၊ ဒေသထွက်အစားအစာများ အဓိကထားရောင်းချကြပြီး ညဈေးကို လားရှိုးမြို့သို့ အခြားဒေသများမှလာရောက်ကြသည့် ခရီးသွားဧည့်သည် အများအပြားလာရောက်လည်ပတ်လေ့ရှိကြကြောင်း သိရသည်။
စိုင်းထွန်း ( လားရှိုး )