ပြင်ဦးလွင် ဒီဇင်ဘာလ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြင်ဦးလွင်မြို့ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ကုသခြင်းနှင့် မျက်မှန်တပ်ဆင်ရန် လိုအပ်သူများအတွက် မျက်မှန်အခမဲ့ပေးဝေခြင်းများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့မျက်စိရောဂါအထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်တစ်ဦး၊ လက်ထောက်အထူးကုဆရာဝန်တစ်ဦး သူနာပြုနှစ်ဦးနှင့် ပြည်ဦးလွင်မြို့ ခုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်အထူးကုဆရာဝန်တစ်ဦးနှင့် သူနာပြု(၁၂) ဦးတို့ ပါဝင်သောအဖွဲ့ဖြင့် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ မျက်စိရောဂါနှင့်ပတ်သက်၍ ပြင်ပလူနာ (၂၀၈၅) ဦးအား စမ်းသပ်ကြည့်ရှုကုသပေးပြီး ယင်းတို့အနက် လူနာ(၁၀၄)ဦးအား အခမဲ့ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် (၁၄၃၆) ဦးအား အခမဲ့မျက်မှန်ပေးဝေခဲ့ကြောင်း ပြင်ဦးလွင်မြို့ ခုတင်(၃၀၀) ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်အိ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မျက်စိအခမဲ့ခွဲစိတ်ကုသခြင်းနှင့် မျက်မှန်တပ်ဆင်ရန်လိုအပ်သူများအတွက် မျက်မှန်အခမဲ့ပေးဝေခြင်းများကို မျက်စိခွဲစိတ်ကုသမှုအားဖြည့်ဆောင်ရွက်နိုင်ရေးစီမံချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)