ညောင်ရွှေ ဒီဇင်ဘာ ၁၆
FIFA-MFF U15 Youth League 2023 ဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)အသင်းတွင် ပါဝင်ကစားခဲ့သည့် ညောင်ရွှေမြို့နယ်မှ ဘောလုံးအားကစားသမား ငါးဦးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့၌ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
အောင်ပွဲရဘောလုံးအားကစားသမားများကို ညောင်ရွှေမြို့ဝင်မုခ်ဦးနှင့် လမ်းဘေးဝဲယာ တစ် လျှောက်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများက ဂုဏ်ပြုပန်းကုံး၊ ဂုဏ်ပြုပန်းစည်းများ ပေးအပ်၍ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ထို့နောက် အ.ထ.က(၁) ညောင်ရွှေ အားကစားကွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်