(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို  ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ကျင်းပ

ထန်းတပင် ဒီဇင်ဘာလ ၁၆

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဒီဇင်ဘာလ(၆)ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ဒီဇင်ဘာလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက အားကစားပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများနှင့် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီနာယက ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာခင်သီတာက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဘောလုံးအားကစားပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရူပဗေဒအသင်း၊ ဘောလီဘောအားကစားပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဘူမိဗေဒအသင်း၊ ပိုက်ကျော်ခြင်းနှစ်ယောက်တွဲပြိုင်ပွဲနှင့် သုံးယောက်တွဲပြိုင်ပွဲတို့တွင် ပထမဆုရရှိခဲ့ကြသည် ဓါတုဗေဒအသင်းတို့အား တံခွန်စိုက်ပထမဆုများ၊ ပြိုင်ပွဲအသီးသီးတွင် ဒုတိယဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများနှင့် ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများမှ ကျောင်းသားများအား တစ်ဦးချင်းဆုများကို ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာခင်သီတာ၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသန္တာ၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာသဇင်လွင်၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာရင်ရင်လွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်သည်။
အားကစားပြိုင်ပွဲများသို့ ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း(၂၂)သင်းတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဘောလုံးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း(၁၀)သင်း၊ ဘောလီဘောပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း(၅)သင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း(၇)သင်းတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)