နောင်တရား ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားဒေသရှိ သမဝါယမအသင်းအဖွဲ့များမှ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နောင်တရားဒေသ အတွင်းရှိ တီကျစ်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ၌ ရွှေတက်တိုး မွေးမြူရေးသမဝါယမအသင်း လီမိတက်မှ ဒေသနွား(၃၀)ကောင် မွေးမြူထားသည့် နွားမွေးမြူရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်ပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျေးရွာပြည်သူလူထုနှင့် သက်ဆိုင်ရာဌာနများ ပေါင်းစပ်ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားသည်။ နောင်မွန်းကျေးရွာမှ ဒေသခံတစ်ဦးက ကျေးရွာအတွက် လိုအပ်နေသည့် ကျေးရွာခြင်းဆက်လမ်း၊ ကုန်ထုတ်လမ်းနှင့် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် တင်ပြတောင်းဆိုခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူများ တောင်းဆိုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်မွန်ကျေးရွာမှ နောင်တရားမြို့ နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းက ဆောင်ရွက်နေသည့် တန်း(၂၀၀၀)ဆံ့ အာလူးအအေးခန်း၊ တစ်သျှူးကာချာနည်းဖြင့် အာလူးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် နောင်တရားသဘာဝမြေဩဇာစက်ရုံသို့ ကြည့်ရှုလေ့လာသည်။ ထို့နောက် နောင်တရားသဘာဝစက်ရုံ ရှင်းလင်းဆောင်၌ နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက နောင်တရားသဘာဝစက်ရုံ တည်ဆောက်မှုအခြေအနေနှင့် အာလူးတစ်သျှူးကာချာဖြင့် မျိုးထုတ်လုပ်ခြင်းလုပ်ငန်းကိုတင်ပြပြီး သဘာဝစက်ရုံလည်ပတ်ရန်နှင့် ကုန်ကြမ်းများဝယ်ယူရန်အတွက် လိုအပ်နေသည့် ချေးငွေကျပ်သိန်း(၅၀၀၀)နှင့် နွေရာသီရေသွင်းအာလူးစိုက်ပျိုးရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်နေသည့် စက်သုံးဆီအခြေအနေများကို တင်ပြတောင်းခံခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်မှုကုန်ကြမ်းအတွက် လိုအပ်နေသည့် ချေးငွေရရှိရေးကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ရေးသွင်းအာလူးစိုက်ပျိုးရေးလုပ်ငန်းတွင် လိုက်အပ်သော ရေသွင်းစိုက်ပျိုးရေးစနစ်ကို ဆွေးနွေးအကြံပြုခဲ့သည်။
နောင်တရား သဘာဝမြေဩဇာစက်ရုံ ရှင်းလင်းဆောင်၌ ဒေသခံတောင်သူများနှင့် ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ၊ သမဝါယမအသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)