နမ့်စန်တွင် လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း မြို့နယ်အဆင့် အသိပေးညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နမ့်စန်() ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း မြို့နယ်အဆင့်အသိပေးညှိနှိုင်းဆွေးနွေးပွဲ (Township Coordination Meeting )ကို မြို့နယ်ပြည်သူ့ဆေးရုံ ၂ထပ်ဆောင်ရှိ အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၁နာရီခွဲက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးအယ်လ်လီဇာက ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း ပြည်နယ်ရုံးဝန်ထမ်း (Monitoring and Evolution Assistant) ဒေါ်နန္ဒာဝင်းက စီမံကိန်း ရည်ရွယ်ချက်၊ မြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အဓိကစီမံချက်လုပ်ငန်းများ၊ လအလိုက်လုပ်ငန်းများလျာထားမှုနှင့်ဆောင်ရွက်နိုင်မှု၊ ကြုံတွေ့ရသော အခက်အခဲများနှင့် တောင်းခံလိုသော အကူအညီများကို ရှင်းလင်းပြောကြားခဲ့ပြီး  တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲကို နေ့လည်၁နာရီမှ ၂နာရီခွဲအထိ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးသန္တာမိုးမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း နမ့်စန်မြို့နယ် ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်  ဖိတ်ကြားထားသော အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)