ပိုင်ကျုံ ဒီဇင်ဘာ ၁၅
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ကစိုကျေးရွာ၌ (၂၅) ကြိမ်မြောက် ငွေရတုကရင်နှစ်ကူးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းနားကို ယနေ့နံနက်ပိုင်းက ကစိုကျေးရွာဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမှတ်(၂)တပ်နယ်မှူး၊ ဗိုလ်မှူးကြီးစောကြာအင်းမှ အမှာစကားပြောကြားရာတွင် လူငယ်လူရွယ်များ ကာယဗလကျန်းမာစေရေးနှင့် စိတ်ဓာတ်ကြံ့ခိုင်ရေးအတွက် အားကစားစိတ်ဓာတ်ဖြင့် မွေးမြူတတ်စေရေးနှင့် ဘောလုံးအားကစားအား မြှင့်တင်စေရန် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဘောလုံးအားကစားဝါတနာရှင် လူငယ်လူရွယ်များ စုပေါင်းကာ ဘောလုံးအသင်း (၃၃)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ယင်းပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုအခမ်းအနားကို အမှတ်(၂)တပ်နယ်မှ တပ်နယ်မှူး၊ ဗိုလ်မှူးကြီးစောကြာအင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဘောလုံး အသင်း(၃၃)သင်းမှ လူငယ်လူရွယ်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်ခူးခူး (ပြန်/ဆက်)