မိတ္ထီလာ ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မွေကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားတွင် မွေကျေးရွာကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်ဇောက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ ယင်းနောက်သင်တန်းနည်းပြ ဒေါ်သူဇာဝင်းက သင်တန်းသူများအား သင်တန်းထွက်ကုန်ချောပစ္စည်းများအားပေးအပ်ခဲ့ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သင်တန်းသူ(၁၅)ဦးဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ် မွမ်းမံသင်တန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ ၎င်းသင်တန်း တက်ရောက်ပြီးစီးပါက သင်တန်းသားများထဲမှ လုပ်ငန်းထူးထောင်လိုသူ (၅)ဦးအား စိစစ်ရွေးခြယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးစက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)