ကော့သောင်း ဒီဇင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင် အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ အချိန်က ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာအလိုက် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်မီပြီးစီးရေးနှင့်အရည်အသွေးပြည့်ဝစွာ ရရှိရေးတို့အတွက် အဓိကထားဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာအလိုက်ဆောင်ရွက်မှု အခြေအနေများကို အသေးစိတ်တင်ပြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဌာနတစ်ခုချင်းစီအလိုက် အသေးစိတ်တင်ပြဆွေးနွေးရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)