(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စည်ကာသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပုလော ဒီဇင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ကျောင်းသားလူငယ်များအနေဖြင့် လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန်နှင့် လွတ်လပ်ခြင်း၏ အကျိုးကျေးဇူးကိုသိရှိ၍ အပြည့်အဝခံစားနိုင်စေရန် ရည်ရွယ်၍ နှစ်စဉ်လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးနေ့အခမ်းအနားများ၊ ပြပွဲ/ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ပုလောမြို့နယ်တွင်လည်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးကဏ္ဍအလိုက်မှ ပူးပေါင်းဆောင်ရွက်သွားကြရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး၊ ကဗျာ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး၊ သတင်းထုတ်ပြန်ရေး၊ လုံခြုံရေးဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးချပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)