ချမ်းမြသာစည်မြို့နယ် အမှတ် (၃၅) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည်  ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၅) အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာ ဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်မြနှင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြား၍ လူငယ်များ အသိပညာ၊အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုး မြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာ‌စေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။  ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ခင်စိမ်းဝင်းက Moderatorအဖြစ် ဦးဆောင်‌ဆွေးနွေးခဲ့ပြီး Grade-11 ကျောင်းသား မောင်‌ရဲရင့်‌အောင်က "လူငယ်နှင့်မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 11 ကျောင်းသား မောင်မင်း‌အောင်ခန့်က "လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသူမသက်နွယ်‌အေးက "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး" ‌ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ကျောင်းသူ မထားသခင်က "လူငယ်နှင့် ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်း သား/ကျောင်းသူများက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။       

လူငယ်စကားဝိုင်းသို့ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊အမှတ်(၃၅) အခြေခံပညာအထက်‌တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အထက်တန်းအဆင့် ‌ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့