ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်၊ ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၅ နာရီအချိန်က ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိပါဠိတော်ကို ရွတ်ဖတ်ပူဇော်မည့် ဘာဏကသံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အခမ်းအနားမှူးက နတ်ဗြဟ္မာများအား ပင့်ဖိတ်ကာပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့သည် သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တော်များကို နာယူကြည်ညိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ မထေရ်မြတ်ထံမှ ဩဝါဒကထာနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကိုရုပ်သိမ်းပြီး အလှည့်ကျ ဘာဏကသံဃာတော်တစ်ပါးမှစ၍ ဥပ္ပါတသန္တိပါဠိတော်ကို စတင်ရွတ်ဖတ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြွရောက်ချီးမြှင့်တော်မူသော ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၄/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ်အဆင့်ကော်မတီများအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကြိုးပမ်းရန်လိုပြီး ဆန်၊ ဆီ၊ ပဲ အစရှိသည့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရန် များများစိုက်၊ များများမွေး၊ များများထုတ်လုပ်၍ ပြည်ပသွင်းကုန်လျော့ချကာ ပြည်တွင်းထုတ်ကုန်တိုးတက်ရန်လိုကြောင်း၊ ပြည့်ဝမ်းစာဖူလုံရန်  စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရန်လိုပြီး ဖူလုံပိုလျှံမှသာ ကုန်ဈေးနှုန်းလျော့နည်း ကျဆင်းစေမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးသည် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို အကျိုးသက်ရောက်မှုရှိသည့်အတွက် တာဝန်ရှိသူအဆင့်ဆင့်က ပိုမိုကောင်းမွန်သော နည်းလမ်းများကိုရှာကြံ၍ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကော်မတီဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြကာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)