ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအခြေခံပညာဦးစီးဌာနှင့် ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီက မြင်စိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင်  စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြင်စိုင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာမကြီးဒေါ်တင်နွယ်ဦးက ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ကာယ၊ ဉာဏ၊ စာရိတ္တိ၊ သက်မွေးဘက်စုံပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်းနှင့် ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်များဖြစ်စေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ငယ်စဉ်ကပင် အချိန်ကိုကောင်းစွာအသုံးချပြီး ကျောင်းစာအပြင် ဗဟုတများရရှိမည့်စာပေများကို ရှာဖွေဖတ်ရှုကြစေလိုသည့်အတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော  သုတ၊ရသ စာအုပ်များ ဖတ်ရှုလေ့လာကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်၊ကျောက်ဆည်