ဝမ်းတွင်း ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲတော)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာဇာအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ထွေးထွေးနုက သက်ရှည်ကျန်းမာဖို့ ပြုလုပ်သင့်သည့် အားကစားအမျိုးအစားများအကြောင်း၊ အားကစားပြုလုပ် ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူး(၅)ချက်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်ကြစို့၊ နေ့စဥ်အလွယ်တကူပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှားနည်းလမ်းများ၊ စက်ဘီးစီးခြင်း၏ အကျိုးကျေးဇူးများ အစရှိသည်များကို ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ် အားကစားမှူး ဒေါ်ထွေးထွေးနုက အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။
အဆိုပါ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)