တံတားဦး ဒီဇင်ဘာ ၁၅
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ ခေါင်းဆောင်သူ၏ လက္ခဏာများစာအုပ်” စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ပရိသတ်များ စာပေဗဟုသုတတိုးပွားရေး၊ စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါအကြောင်းအရာများဖြစ်သည့် ခေါင်းဆောင်မှုဆိုင်ရာဆွေးနွေးစရာ၊ ပညာကိုချစ်ပါ ခေါင်းစဉ်များဖြင့်၎င်း၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဝင် ဦးဇော်ရွှေက ပညာပြိုင်ကြရမည့်ခေတ်၊ ပညာကိုချစ်ပါနှင့်သေသေချာချာရွေးချယ်ပါ စသည့်ခေါင်းစဉ်ဖြင့်၎င်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူ ဒေါ်သီတာခိုင်က လေ့လာစရာတွေနှင့်စာဖတ်ကျင့် စသည့်ခေါင်းစဉ်များဖြင့်၎င်း အသီးသီးအကျယ်တဝင့် ဆွေးနွေးကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများမှ မိမိတို့ဖတ်ရှု လေ့လာထားကြသည့် ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ ဆက်လက်၍ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ ပေးသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ဖြင့် ပူးပေါင်းကာ (Talk Show) ဆွေးနွေးပွဲများ၊ ပြပွဲ/ပြိုင်ပွဲများနှင့် အစည်းအဝေးများကိုလည်း စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)