တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(နားအွန်)၌ လူငယ်စကားဝိုင်းကျင်းပ

တာလေ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (နားအွန်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးစိုင်းရှဲန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ လူမှုရေးဦးတည်ချက် အမှတ်(၃)၌ ''နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး'' ဆိုသည့် ဦးတည်ချက်ပါရှိကြောင်း၊  ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များသည် အနာဂတ်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-11 ကျောင်းသား မောင်ဂေါ်ဒိုနှင့် ကျောင်းသူမသက်ဧကရီနွေးတို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသား မောင်ဒါဝိဒ်က လူငယ်နှင့်ကြီးပွားရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်လူဘေးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မထားထားဝေက လူငယ်နှင့်အိမ်ထောင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား မြို့အုပ်ချုပ်ရေးမှူးမှ ပေးအပ်ချီးမြှင့်သော ဂုဏ်ပြုဆုလက်ဆောင်များကို တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)