ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာအပါအဝင် သီးထပ် စိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဒီဇင်ဘာ ၁၅

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသအလိုက်စားရေရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၆ နာရီခွဲက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း ဒေသတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် လုပ်ငန်းစီမံကိန်းကြီးကြပ် မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတူ မိုးကောင်း မြို့နယ်၊ ပင်းဘောကျေးရွာ အုပ်စုအတွင်းရှိ ရေတွင်းကုန်းကျေးရွာရှိ တောင်သူ ဒေါ်ဖြူဖြူဝင်း၏ လယ်နှင့် ကြက်ခြံသို့ ဦးစွာသွားရောက်ခဲ့ကြ သည်။

အဆိုပါ ကြက်ခြံ၌ ပင်းဘောကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၊ သမဝါယမအသင်းသားများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ‌ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ရင်းနှီးမတည် ပေးနေ လျက်ရှိသည့်အပြင် ပြည်နယ်ဘဏ္ဍာ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ တောင်သူများအနေဖြင့် လည်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ယခုထက် ပိုမိုအကျိုးဖြစ်ထွန်းအောင်မြင်စေရေး မိမိတို့အစိုးရ၊ ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒေသခံတောင်သူများက သမဝါယမဦးစီးဌာနမှ ထောက်ပံ့သည့် GW-11 စပါးမျိုးစေ့ စိုက်ပျိုးရာတွင် တစ်ဧက ၁၃၀ တင်း ထွက်ရှိခဲ့မှုအခြေအနေများ၊ ပင်းဘောကျေးရွာအုပ်စုအတွင်း ကျေးရွာများအလိုက် ဆောင်းသီးထပ်သီးနှံ စိုက်ပျိုးဆောင်ရွက်သွားမည့်အခြေအနေ များ၊ ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေရရှိရေး၊ လယ်ယာမြေဖော်ထုတ်ပေးနိုင်ရေး၊ ကုန်ထုတ်လမ်းနှင့် ကျေးရွာချင်းဆက် လမ်းများရရှိရေး စသည့် လိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ကုန်းတန်းကြီးကျေးရွာ သမဝါယမအသင်းပိုင် လယ်မြေပေါ်တွင် သီးထပ်စိုက်ပျိုးနိုင်ရေး ကျွဲ၊ နွား အန္တရာယ်အတွက် ခြံစည်း ရိုးကာရံပေးနိုင်ရေး ကနဦးထောက်ပံ့မှုအဖြစ် ငွေကျပ် ၅၂ သိန်း၊ တောင်သူ ဒေါ်ဖြူဖြူဝင်း၏ ကြက်မွေးမြူရေးလုပ်ငန်းအတွက် မွေးမြူရေး အထောက်အကူပြု ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူဒေါ်ဖြူဖြူဝင်း၏ ကြက်ခြံအတွင်း ကြက်သားပေါက်ကောင်ရေ ၃၀၀၀ မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ လယ်သီးထပ်ဆောင်းသီးနှံများ ဧက ၁၀၀ တောင်သူပညာပေး မျိုးစေ့ချစိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တောင်သူများနှင့်အတူ လယ်မြေပေါ်တွင် နေကြာမျိုးစေ့ကြဲပက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများအတွက် နေကြာမျိုးစေ့၊ ပဲပုပ်မျိုးစေ့အိတ်များနှင့် ဟင်းသီး ဟင်းရွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ‌တောင်နီကျေးရွာ၊ ကွင်းအမှတ် (၁၃၈) တောင်သူ ဦးညွန့်ဖေ၏ လယ်သို့သွားရောက်ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက ပင်းဘောကွင်းနှင့် တောင်နီကွင်းတို့တွင် ဆောင်းသီးထပ် စိုက်ပျိုးနိုင်မှုအခြေအနေများနှင့် မိုးစပါးရိတ်သိမ်းထွက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြမှု၊ တက်ရောက်လာသည့် တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍလိုအပ်ချက်များ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တောင်နီကွင်းအတွင်း နေကြာသီးနှံစိုက်ပျိုးသွားမည့် လယ်ဧက ၁၀၀ ကျော်အား ခြံစည်းရိုး ကာရံပေးနိုင်ရေး ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ပေးအပ်ကာ တောင်သူဦးညွန့်ဖေ၏ လယ်၌ ဒေသခံတောင်သူများနှင့်အတူ နေကြာမျိုးစေ့ ကြဲပက်ပေးခဲ့ကြပြီး တောင်သူများအတွက် သီးထပ်စိုက်ပျိုးနိုင်ရေး ယူရီးယားဓာတ်မြေသြဇာအိတ်များနှင့် နေကြာမျိုးစေ့၊ ပဲပုပ်မျိုးစေ့၊ ဟင်းသီး ဟင်းရွက်မျိုးစေ့အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့နယ် ကြာအင်းကျေးရွာသို့ သွားရောက်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီဌာနမှ ဆောင်ရွက်ပေး လျက်ရှိသည့် ကြာအင်း(၂)အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၆ မိုင် ၅ ဖာလုံနှင့် ဝက်သောက် ချောင်းကူး သံကူကွန်ကရစ်တံတားသစ် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ ကျေးရွာ မဟောင်နှစ်ခြင်း အသင်းတော်ဘုရားကျောင်း၌ သိက္ခာတော်ရဆရာတော်၊ ရပ်မိရပ်ဖများ၊ ဒေသခံများက ပြည်နယ်ဝန်ကြီးချုပ်အား ရိုးရာမဂွန်းရှလစ်ဖြင့် ဂါဝရပြုလက်ဆောင်ပေးအပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးရေး၊ စားရေရိက္ခာဖူလုံရေးအတွက် ဆုတောင်းပါဝင်ကူညီခြင်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရေး မှာကြားကာ အသင်းတော်အတွက် အလှူငွေများကို ပေးအပ် လှူဒါန်းခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ်လုပ်ငန်းစီမံကိန်းကြီးကြပ်မှုကော်မတီမှ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ (အတိုး/အရင်း) ပြန်လည်အပ်နှံခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေ ချထားပေးသည့် ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းများတွင် ရင်းနှီးမတည်ပေးခဲ့ရာ မိုးညှင်းခရိုင်အတွက် (၁ ဒဿမ ၇၄) ဘီလီယံခွဲဝေချထား ပေးခဲ့ပါကြောင်း၊ ခရိုင်အတွက် ချထားပေးသည့် ငွေကျပ် (၁ ဒဿမ ၇၄) ဘီလီယံမှ မိုးကောင်းမြို့နယ်အတွက် ငွေကျပ်သိန်း (၆၉၀၀) ကို ခွဲဝေချထားပေးခဲ့ပြီး ဒေသခံပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးကို ရည်ရွယ်၍ ဖန်တီးဆောင်ရွက်ပေးနိုင်ခဲ့သည်ကို ကျေနပ်အားရဖွယ်တွေ့ရှိရပါကြောင်း၊ ထိုအပြင် ယနေ့ ရင်းနှီးမတည်ပေးထားသည့် ရန်ပုံငွေများကို အတိုးကော၊ အရင်းကောပါ ပြန်လည်ပေးအပ်နိုင်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက်ခွဲဝေ ချထားပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က စိုက်ပျိုးရေးလုပ်ငန်းများ အတွက် ခွဲဝေချထားပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် အတိုးငွေအပါအဝင် ငွေကျပ် စုစုပေါင်း (၃၂၉ ဒဿမ ၆) သန်းအား လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် ခွဲဝေချထားပေးသည့် ရန်ပုံငွေနှင့် အတိုးငွေအပါအဝင် ငွေကျပ် (၆၁ ဒဿမ ၈) သန်းအား လည်းကောင်း၊ သမဝါယမလုပ်ငန်းများအတွက် ချထားပေးသည့် ရန်ပုံငွေနှင့် အတိုးငွေအပါအဝင် စုစုပေါင်းငွေကျပ် (၁၇၅ ဒဿမ ၁၀)သန်းအား လည်းကောင်း သက်ဆိုင်ရာဌာနများမှ ပြည်နယ်ဦးစီးမှူးများထံ ပြန်လည်ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကာ ရုံးဝင်းအတွင်း တောင်သူအသိပညာပေး စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးကောင်းမြို့ အရှေ့ရပ်၊ ကမ်းနားလမ်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃၆၀ ဒဿမ ၁၅)သန်းဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မိုးကောင်း‌ချောင်း(နန့်ကောင်းချောင်း)ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ အလျားပေ (၅၀၀)ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်း စီမံကိန်းရှင်းလင်းဆောင်၌ မိုးကောင်းမြို့ ‌ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ အရေးပေါ်ဆောင်ရွက်သွားရမည့် လုပ်ငန်း စီမံကိန်းများကို ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက် မဖြစ်မနေ ဆောင်ရွက်ရမည့် နေရာများကို ကွင်းဆင်းစစ်ဆေးသတ်မှတ်၍ ဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန် မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့နယ် မြတောင်ကျေးရွာသို့ သွားရောက်ပြီး မြတောင်ကွင်း၊ ကွင်းအမှတ် ၆၄ ၊ တောင်သူများပိုင်ဆိုင်သည့် လယ်၌ သီးထပ်စိုက် ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ဖြည့်ဆည်းပေါင်းစပ်ပေးခဲ့ပြီး လယ်ယာမြေများအတွင်း သီးထပ်ဧက ၁၀၀ စိုက်ပျိုးနိုင်ရေး မြေပြုပြင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရေရှိရေးအတွက် ဆောင်ရွက်ပေးထားမှု အခြေအနေများနှင့် ကွင်းအတွင်း အထွက်တိုးမျိုးစပါးပြောင်းလဲစိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် နန်းလှိုင်ခေတ်မီစံပြကျေးရွာအတွင်း ကျေးလက်စီးပွားမြှင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း RBE စီမံကိန်းဖြင့် ဆောင်ရွက် လျက်ရှိသည့် စိန်ရတနာလှိုင် ဝက်မွေးမြူ‌ရေးခြံ၌ ဒုတိယအသုတ်အဖြစ် ဝက်သားပေါက်ကောင်ရေ ၂၁ ကောင်မွေးမြူထားရှိမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ အဆိုပါခေတ်မီစံပြကျေးရွာ ရတနာလှိုင်ခန်းမ၌ ကျေးလက်လူငယ်အဖွဲ့နှင့် တွေ့ဆုံပြီး ကျေးလက်လူငယ်အဖွဲ့မှတာဝန်ရှိသူက ကျေးလက်လူငယ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရခြင်း ရည်ရွယ်ချက်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမှိုက်ကင်းစင်ရေးနှင့် ကျေးရွာသာရေး၊ နာရေးများတွင် တက်ကြွစွာပူးပေါင်းပါဝင်မှုဆောင်ရွက်နေမှုများနှင့် လူငယ်အဖွဲ့အတွက် လိုအပ်ချက် များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပရဟိတစိတ်ဓာတ်ကို အခြေခံပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာစေရေး၊ ရပ်/ရွာအကျိုးပြုလူငယ်မှ ပြည်နယ်အကျိုးပြု၊ တိုင်းပြည်အကျိုးပြုသည့် လူငယ်များ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်းမှာကြားကာ လူငယ် အဖွဲ့အစည်းအတွက် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်