တံတားဦး ဒီဇင်ဘာ ၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ယူပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တံတားဦးခရိုင် ပညာရေးမှူး ဒေါ်သန်းသန်းဦးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ စာမေးပွဲဆိုင်ရာလုပ်ငန်းလက်စွဲ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ပေးစေလိုကြောင်း၊ Grade-5 ဖြေဆိုကြမည့် ကျောင်းသား/သူများအနေဖြင့် သတ်မှတ်ထားသော အခြေခံပညာကျောင်းများတွင် ဖြေဆိုကြရေး၊ ဗဟိုအဆင့်တွင် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဆရာကြီး၊ ဆရာမကြီးများ၏ ထပ်ဆင့်ဆွေးနွေးမှုကို သင်တန်းသားဆရာ/မများမှ လေ့လာမှတ်သား ပေးစေလိုကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာမေးပွဲလမ်းညွှန်မှုများကို စနစ်တကျလိုက်နာပေးစေလိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တံတားဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှချစ်က စာမေးပွဲလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဗဟိုအဆင့်အလုပ်ရုံဆေီးနွေးပွဲသို့တက်ရောက်ခဲ့ကြသည့် ဆရာကြီး/ဆရာမကြီးမှ သက်ဆိုင်ရာ ဘာသာရပ်များကို ထပ်ဆင့်ဆွေးနွေးပေးကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသားဆရာ/ဆရာမများမှ မရှင်းလင်းသည့် သက်ဆိုင်ရာဘာသာရပ်များအလိုက်ဆွေးနွေးခဲ့သည်များကို အသီးသီးပြန်လည် ဆွေးနွေးပေးကြသည်။ အဆိုပါအလုပ်ရံဆွေးနွေးပွဲသို့ သင်တန်းသားဆရာ၊ ဆရာမ (၁၂၁)ဦး တက်ရောက်ကြသည်။ တံတားဦးခရိုင်အနေဖြင့် တံတားဦးမြို့နယ် စာစစ်ဌာနတွင် (၁၂၀)ခု၊ ငါန်းဇွန်မြို့ စာစစ်ဌာနတွင် (၄၉)ခုရှိပါကြောင်း တံတားဦးခရိုင်ပညာရေးမှူးရုံးမှသိရသည်။
ရဲတင့်(ပြန်/ဆက်)