မြစ်ကြီးနား ဒီဇင်ဘာ ၁၅
ကချင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရေး အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်နှင့် ဆိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပလန ကျေးရွာအုပ်စု၊ ပလန-၃ အင်ကြင်းမြိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာလအတွင်းက ပလနကျေးရွာတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးဆိုင်ရာတွေ့ဆုံပွဲတွင် ဒေသခံများ၏ တောင်းဆိုချက်အရ မွေးမြူရေးတိရစ္ဆာန်များကို ယနေ့ လာရောက်ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဒေသခံများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးခြံများ စိုက်ပျိုးသကဲ့သို့ မွေးမြူရေးလုပ်ငန်းကို လည်း တစ်ပိုင်တစ်နိုင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း အသားနှင့် ဥစားသုံးမှု ပိုမိုဖူလုံစွာ စားသုံး လာနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းကို မိရိုးဖလာနည်းဖြစ်သော လွှတ်ကြောင်း စနစ်အစား စနစ်တကျ ခြံလှောင်၍ မွေးမြူပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်းကို အလေးထား မှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ ဌာနအစီအစဉ်ဖြင့် နှစ်စဉ်ထောက်ပံ့ပေးအပ်မှု အခြေအနေများ၊ ဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် နည်းပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ပေးသွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က အဆိုပါ ပလန-၂ နှင့် ပလန ၃ ကျေးရွာနှင့် ငွေပျော် စံပြကျေးရွာမှ တောင်သူ(၉၇)ဦးတို့အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ဆောင်ရွက်နိုင်ရေး ငွေကျပ် ၁၂၂ သိန်းတန်ဖိုးရှိ ဒေသကြက်ကောင်ရေ (၄၀၀)၊ ဒေသဝက်ကောင်ရေ (၄၀)၊ ဒေသဆိတ်ကောင်ရေ (၁၇) ကောင်တို့နှင့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဒေသခံပြည်သူတစ်ဦး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ ထောက်ပံ့ပေးအပ်သည့် အိမ်မွေး တိရစ္ဆာန်များအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးနေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်းကျောင်းသွား လမ်းအား မိုးရာသီတွင် ကျောင်းသားကလေးငယ်များ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရေး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကျေးရွာတာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်ပြန် ပြည်သူများအတွက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယခင်နှစ် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်တွင်လည်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ နမ်ဆန်ယန်ကျေးရွာ၊ စင်ကြိုင်ကျေးရွာနှင့် ငွေပျော်စံပြကျေးရွာတို့မှ တောင်သူ (၂၇၄)ဦးတို့အတွက် ဒေသဝက်ကောင်ရေ (၄၀)၊ ဒေသဆိတ်ကောင်ရေ (၃၄)ကောင်နှင့် ဒေသကြက်ကောင်ရေ (၄၀၀)တို့အား ထောက်ပံ့ ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်