မြစ်သားမြို့နယ်တွင် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး(၇)ဦးဖြင့် (အခမဲ့) နယ်လှည့် ကွင်းဆင်းကျန်းမာရေးကုသ ဆောင်ရွက်

မြစ်သား  ဒီဇင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (၇)ဦးဖြင့် (အခမဲ့) နယ်လှည့် ကွင်းဆင်းကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးရာတွင် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ ကလေး အထူးကုဆရာဝန်ကြီး၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ သားဖွား/မီးယပ်အထူးကုဆရာဝန်ကြီး၊ အရိုးနှင့်အကြောအထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်း ရောဂါအထူး ကုဆရာဝန်ကြီးများလာရောက်၍ (အခမဲ့) ကုသပေးလျက်ရှိရာ မြစ်သားမြို့ပေါ်ရှိ  ရပ်ကွက်ကြီး (၆)ရပ်ကွက်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများလာရောက်ပြီး ကျန်းမာ ရေးဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။

နယ်လှည့်ကွင်းဆင်းဆောင်ရွက်ကုသပေးခြင်းကို ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး(၇)ဦးနှင့်တာဝန်ရှိသူများ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံကြီးမှကျန်းမာရေးမှူး ဒေါက်တာ ဘုန်းမြတ်ကိုနှင့် ဆေးရုံဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)