(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံ ပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စဉ့်ကိုင်မြို့နယ်၊ တရုတ်စုရပ်ကွက်ရှိ၊ တရုတ်စု အ.လ.က (ခွဲ)တွင်ကျင်းပခဲ့သည်။

အဆိုပါ စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီး၊ လက်ထောက်ပညာရေးမှူး ဦးနေမျိုးအောင်တို့က အနီးကပ်ကြီးကြပ်၍ မြို့နယ်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကာ “လွတ်လပ်ရေးနှင့်လူငယ့်တာဝန်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၂၀)ဦး၊ “ကြိုးစားထိန်းလေ လွတ်လပ်အမွေ” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၁၅)ဦး၊ “မြန်မာ့ဇာတိမာန်နှင့်လွတ်လပ်ရေး” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၃၀)ဦး၊ “လွတ်လပ်ရေးနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၃၀) စုစုပေါင်း (၉၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)