ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း  ဒီဇင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သံဘိုကျေးရွာမှ အသက်မွေးဝမ်းကျောင်းအဖွဲ့(၄)ဖွဲ့၏ DYL အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများအား ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများသည်၊ သံဘိုကျေးရွာတွင် (RBF) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကြပြီး၊ ကျေးရွာစီမံကိန်း တာဝန်ခံအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စီမံကိန်း အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် မိမိတို့မွေးမြူထားသည့် အသားတိုးဝက်များတွင် ဖြစ်ပွားတတ်သည့် ရောဂါနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လေ့လာ၍ စနစ်တကျ မွေးမြူသွားကြရန် ဆွေးနွေးမှာကြားသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပထမဦးဆုံးအဖြစ်၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းဖြင့် သံဘိုကျေးရွာ အုပ်စု သံဘိုကျေးရွာတွင် ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ အသက်မွေးဝမ်းကျောင်းအဖွဲ့ (၄)ဖွဲ့က (RBF) စီမံကိန်းဖြင့် DYL အသားတိုးဝက် မွေးမြူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရပြိး၊ အဆိုပါ  လုပ်ငန်းစီမံကိန်းတွင် သက်မွေးအဖွဲ့(၁)ဖွဲ့လျှင် နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၇.၅) သန်းမတည်၍ အဖွဲ့ပူးပေါင်းပါဝင်ငွေ(၂.၅)သန်း၊ သက်မွေးအဖွဲ့(၄)ဖွဲ့ အတွက် နိုင်ငံတော်မှ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၃၀.၀)သန်း၊ အဖွဲ့(၄)ဖွဲ့မှ ပူးပေါင်းထည့်ဝင်ငွေကျပ်(၁၀.၀)သန်း စုစုပေါင်း(၄၀.၀) သန်း ဖြင့် နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် အသက်မွေးဝမ်းကျောင်းအဖွဲ့(၁)ဖွဲ့လျှင် အသားတိုးဝက်(၁၅)ကောင်ဖြင့် စုစုပေါင်း အသားတိုးဝက် အကောင် (၆၀) ကို၊ စီမံကိန်း စက်ဝန်း(၄)လ ဖြင့် မွေးမြူထားရှိခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)