ပင်လုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပင်လုံ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲကို ပင်လုံမြို့ အ.ထ.က(၁)ကျောင်း၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက “ထိန်းသိမ်းစို့လေလွတ်လပ်ရေးအမွေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်၊ စာဖတ်ခြင်းဖြင့် အဆိုးအကောင်းအကျိုးအကြောင်း ဝေဖန်ပိုင်းခြားတတ်စေရန်၊ မိမိဘဝတိုးတက်အောင်မြင်အောင် ပဲ့ပြင်ဆုံးမလမ်းပြကောင်းတစ်ခုဖြစ်သည့် စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများစွာ ရရှိစေနိုင်ကြောင်းကို “စာဖတ်ခြင်း” ဥပမာခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မိုးမိုးအေးမှ အားကစားနည်းအမျိုးအစားများ၊ ကိုယ်လက်လှုပ်ရှား အားကစားများဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ အားကစားသင်တန်းများအကြောင်း၊ ယှဥ်ပြိုင်အားကစားနည်းများ၊ ရိုးရာအားကစားနည်းများ၊ အပန်းဖြေအားကစားနည်းများ၊ လူထုအားကစားနည်းများအကြောင်းနှင့် တောင်ကြီးမြို့ အေးသာယာတွင် ဖွင့်လှစ်ထားသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ၊ တက်ရောက်နိုင်ရန် အရည်အချင်းပြည့်မှီရမည့် အချက်အလက်လေးများကို ရှင်းလင်းပြောကြားခဲ့​ပြီးနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပမ်းစကားပြောပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့”ခေါင်းစဉ်ဖြင့် မြို့နယ်အဆင့်တွင် ပထမဆု၊ ခရိုင်အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော Grade-12 ကျောင်းသား မောင်စိန်ပန်းမှ ပြန်လည်အသိပညာပေးမျှဝေပေးခဲ့ပြီး၊ ယနေ့ဟောပြောခဲ့သည့် အချက်အလက်လေးများအား တက်ရောက်သည့် ကျောင်းသားတစ်ဦးမှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက်ကျောင်းအုပ်ဆရာမကြီးထံသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)