လူငယ်များ ဗလလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စကားပြောစွမ်းရည် တိုးတက်လာစေရန်အတွက် မြို့ရှေ့ အ.ထ.ကတွင် လူငယ်စကားဝိုင်းကျင်းပ

ကျောက်ပန်းတောင်း  ဒီဇင်ဘာ  ၁၅

လူငယ်များ ဗလလငါးတန်ဖွံ့ဖြိုးစေရန်နှင့်စကားပြောစွမ်းရည်တိုးတက်လာစေရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့်၊ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းရှိ သပြေဆောင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် မြို့ရှေ့အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့လှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ၊ Grade-11 မှ မောင်အောင်မျိုးမင်းက လူငယ်နှင့်ယဉ်ကျေးမှု အကြောင်းအရာများကိုလည်းကောင်း၊ Grade-10 မယွန်းနဒီအောင်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ မောင်ပိုင်ဖြိုးကျော်က ကျောင်းသားနှင့် အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူလေးများ၏ မေးမြန်မှုများအပေါ် ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းခဲ့ ကြပြီး၊ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့ရှေ့အ.ထ.က ကျောင်း အုပ်ဆရာမကြီးနှင့် ဘာသာရပ်သင် ဆရာ/ဆရာမ (၁၅)ဦး၊ Grade-10၊ Grade-11 တို့မှ ကျောင်းသား/ကျောင်းသူ(၄၅)ဦး၊ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)