မန္တလေး ဒီဇင်ဘာ ၁၅
ကျောင်းသား၊ကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အသုံးချနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာ ဗဟုသုတနှင့် ပြည့်စုံသော လူကောင်း၊လူတော်များ၊ နိုင်ငံ့ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းအမှတ်-(၂၂)သို့ သွားရောက်ငှား ရမ်းပေးကြသည်။
စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ (၁၈၅၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် နှစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေ အလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ဌာနဆိုင်ရာများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့ လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)