လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

လိပ်သို ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေ ပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသော ကလေးအလုပ်သမား ပြဿနာများအကြောင်း၊ ကလေးအလုပ်သမား ဖြစ်စေသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း၊ ကလေး အလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ အခွင့်အရေးများ အကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသထားသော ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင် များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ကလေးသူငယ်များအတွက် ဥပဒေပြဋ္ဌာန်းချက်များ  စသည့် အကြောင်းအရာများပါ နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုကို ဒေသနေ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)