ကျိုင်းတုံ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ခေမာရဋ္ဌဗျာဒိတ်ပေးရပ်တော်မူဘုရားကြီး၌ အသံမစဲဥပ္ပါတသန္တိပါဠိတော် (၁၀၈)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရပ်တော်မူဘုရားကြီး အာရုဏ်ခံတန်ဆောင်း၌ကျင်းပရာ ထေရဝါဒဗုဒ္ဓသာသာနာပြု ရပ်တော်မူဗဟိုကျောင်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်၊ သံဃာတော်များက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာရွတ်ဆိုပူဇော်ပင့်ဖိတ်ခြင်းနှင့် ဥပ္ပါတသန္တိပါဠိတော်နာကြားရန် နတ်ဗြဟ္မာများအား ရွတ်ဆိုပင့်ဖိတ်ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဧည့်ပရိတ်သတ်များက သာသနာ့ဝေပုလ္လပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဝိဇယပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဆရာတော်သံဃာတော်များက အသံမစဲဥပ္ပါတသန္တိပါဠိတော်ကို စတင်ရွတ်ဖတ်ပူဇော်ကြသည်။ အဆိုပါ အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၁၅ ရက်မှ စတင်၍ ၁၀၈ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)