မန္တလေး ဒီဇင်ဘာ ၁၅
မန္တလေးမြို့၌ နှစ်သစ်ကူးညတွင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး(၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် ရာသီအလိုက်ပွဲတော်များကို ကျင်းပလျက်ရှိသည့်အပြင် တိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူးပွဲတော်များ၊ နေ့ထူးနေ့မြတ်အခမ်းအနားများကို အစဉ်တစိုက်ကျင်းပလျက်ရှိပါကြောင်း၊၂၀၂၃ခုနှစ် နှစ်သစ်ကူးညတွင် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်မည့် အစီအစဉ်များလည်း ထည့်သွင်း သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍများအလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်များမရှိစေရေး အားလုံးက ဟန်ချက်ညီညီဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြီးခဲ့သည့်နှစ် လုပ်ငန်းအတွေ့အကြုံများအပေါ် ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထွန်းထွန်းနိုင်