မောက်မယ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် ကုန်စုံများအား သတ်မှတ်စည်းကမ်းချက်နှင့်အညီရှိစေရေး ကွင်းဆင်းစစ်ဆေး

မောက်မယ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် စားသောက်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရှိစေရေး ယမန်နေ့နံနက်(၁၀)နာရီတွင် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မောက်မယ်မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဌာနမှအမှုဆောင်အရာရှိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပြည်သူများ စျေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ကုန်စုံအရောင်းဆိုင်ကြီးများအနေဖြင့် သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချရေး၊ ဆန်၊ ဆီ၊ ဆား၊ ပဲအမျိုးမျိုးများ ပြတ်လပ်မှုမရှိစေရေးနှင့် စားသောက်ကုန်များကို စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ထိန်ချန်ရောင်းချခြင်းများ မပြုလုပ်စေရေး၊ စားသောက်ဆိုင်များသို့ သွားရောက်ကာ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရှိစေရေး ရောင်းချမှုများမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)