မိုင်းဖြတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာမြို့စျေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဌာနခွဲတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများက စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန်၊ မီးသတ်ရေစုပ်စက်၊ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေနှင့် မီးသုံးစွဲမှုအခြေအနေများအား စနစ်တကျသုံးစွဲရေးတို့ကို စစ်ဆေးခဲ့ရာ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံပြသခဲ့သည်။
ဆက်လက်၍ ဈေးကောက်လုပ်ငန်းလိုင်စင်များကို သတ်မှတ်နှုန်းထားများအတိုင်း ကောက်ခံမှု ရှိ/မရှိ၊ လမ်းဘေးပလက်ဖောင်းများ၌ ကျူးကျော်ဈေးရောင်းချမှုမရှိစေရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)