ထားဝယ် ဒီဇင်ဘာ ၁၅
အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်က ပုလဲမွေးမြူထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးသည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းများ ပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှပ်နှံသူများရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအပေါ်မူတည်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ နိုင်ငံတော် အတွက် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းရှင်များ ညီညွတ်စွာရှိနေသည့်အတွက် နိုင်ငံတော်၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်မှ ပုလဲမွေးမြူထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် ပုလဲမွေးမြူ ထုတ်လုပ်ရေးဆိုင်ရာဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)